ဆီးထဲ သွေးပါတာကို မြင်ရတဲ့အခါ အမျိုးသားတွေအနေနဲ့ ထိတ်လန့်သွား တတ်ပါတယ်။ တကယ်တော့ ဆီးထဲသွေး ပါပြီဆိုရင် လျစ်လျူရှုမထားဘဲ ကျန်းမာရေးစစ်ဆေးမှု ခံယူသင့်တဲ့ အချိန်ပဲ ဖြစ်ပါတယ်။
ဆီးထဲသွေးပါသော အမျိုးအစားများ
ဆီးအရောင်က ပန်းရောင် ဒါမှမဟုတ် အနီရောင်ဖြစ်နေရင် ဒါကို မြင်နိုင်တဲ့ ဆီးထဲ သွေးပါတဲ့ အမျိုးအစားကို ခေါ်ပါတယ်။ ဆီးက ပုံမှန်အရောင်အတိုင်းပဲ၊ ဒါပေမဲ့ သွေးနီဥတွေပါ ဒါကို မမြင်နိုင်တဲ့ ဆီးထဲ သွေးပါတဲ့ အမျိုးအစားလို့ ခေါ်ပါတယ်။ ဒါကတော့ ပုံမှန် ဆီးစစ်ဆေးမှု ခံယူမှသာ တွေ့နိုင်တဲ့အခြေအနေပါ။ ဆီးထဲ သွေးပါတာက လက္ခဏာပြချင် ပြနိုင်သလို ပြချင်မှလည်း ပြပါလိမ့်မယ်။ ဆီးထဲ သွေးပါတဲ့အခါ ဖြစ်တတ်တဲ့ လက္ခဏာတချို့က အောက်ပါအတိုင်း ဖြစ်ပါတယ်။
-ဆီးသွားရင် ပူစပ်ပူလောင်ဖြစ်တာနဲ့ ဆီးမကြာခဏ သွားတာ။ ဖျားတာနဲ့ တွဲဖြစ်ရင် ဆီးကျိတ်/ဆီးအိတ်/ ကျောက် ကပ်ပိုးဝင်တဲ့ အခြေအနေဖြစ်နိုင်ပါ တယ်။
-ကျောက်ကပ် ဒါမှမဟုတ် ဝမ်းဗိုက် အလွန်အမင်း နာကျင်တာ။ ဆီးကျောက် တည်တာ ဖြစ်နိုင်ပါတယ်။
-အားနည်းတာ၊ ကိုယ်အလေးချိန်ကျ ဆင်းတာ၊ နုံးချည့်ညောင်းညာတာ၊ အဆစ်နာကျင်တာတွေက ဆီးလမ်းကြောင်း အပြင်ဘက်ရှိ တစ်သျှူးတွေ အပါအဝင် ပိုးဝင်တာနဲ့ ရောင်ရမ်းတာလို နာမကျန်းမှုရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။
-ဝမ်းဗိုက် ဒါမှမဟုတ် နောက်ကျောမှာ ရုတ်တရက် မတော်တဆ ထိခိုက်ဒဏ် ရာရတာကြောင့်လည်း ဆီးထဲ သွေးပါ တတ်ပါတယ်။
အများအားဖြင့်တော့ ဆီးထဲ သွေးပါတဲ့ အခြေအနေတွေက လက္ခဏာမပြ တတ်ပါဘူး။
ဆီးထဲ သွေးပါရသည့် အကြောင်းရင်း
အမျိုးသားတွေမှာ ဆီးထဲ သွေးပါနိုင်တဲ့ အဓိကအကြောင်းရင်းတွေကတော့- -ကျောက်ကပ်ရောဂါ၊
-ဆီးကျိတ်၊ ဆီးအိတ်နဲ့ ကျောက်ကပ် ပိုးဝင်တာ၊
-ဆီးကျိတ်ကြီးတာ၊
-ကျောက်ကပ်၊ ဆီးပြွန်၊ ဆီးအိတ်နဲ့ ဆီးကျိတ်တွေမှာ ကင်ဆာဖြစ်တာ၊
-ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်တာ၊ ထိခိုက်ဒဏ်ရာရတာ၊ ကယ်လ်စီယမ်နဲ့ ယူရစ်အက်စစ် မြင့်တက်တာ၊
-ဆီးပြွန်ကျဉ်းတာ၊
-ကျောက်ကပ် သွေးပြန်ကြော ဒါမှမဟုတ် သွေးလွှတ်ကြော ပုံမမှန် ပြဿနာ ရှိတာ၊
-ကျောက်ကပ် ရေအိတ်တည်တဲ့ အခြေအနေ၊
-ဓာတ်ရောင်ခြည်သင့်တာ၊
-သွေးခဲတာကို တားတဲ့ ဆေးတွေ အလွန်အမင်း သောက်တာ၊ -သွေးအားနည်း ရောဂါတစ်မျိုး စတာတွေ ဖြစ်ကြပါတယ်။
အံ့အားသင့်စရာ ကောင်းသောဆီးထဲ သွေးပါရသည့် အကြောင်းရင်း
ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကြောင့် မြင်နိုင်တဲ့ ဆီးထဲ သွေးပါတာ အပြင်၊ မိုက်ခရိုစကုပ်နဲ့ ကြည့်မှ မြင်တွေ့နိုင်တဲ့ ဆီးထဲ သွေးပါတဲ့ အခြေအနေပါ ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းကြောင့် ဆီးထဲ သွေးပါတာက စိုးရိမ်စရာ မလိုပါဘူး။ လေ့ကျင့်ခန်းလုပ်ပြီး နာရီအနည်းငယ်အတွင်း ဆီးထဲ သွေးပါနိုင်ပေမယ့် ၄၈-၇၂ နာရီအတွင်း ပုံမှန် ဆီး ပြန်သွားနိုင်ပါတယ်။ ဒါပေမဲ့ အသက် ၅၀ ကျော်အမျိုးသားတွေ ဆီးထဲ သွေးပါရင်တော့ ကျန်းမာရေး စစ်ဆေးမှုခံယူဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းကြောင့် ဆီးထဲ သွေးပါရတဲ့ အကြောင်းရင်းကို ဆရာဝန်တွေအနေနဲ့ တိတိကျကျ မသိကြပါဘူး။ ဆီးအိတ် ရောင်ရမ်းတာကြောင့် ဖြစ်နိုင်သလို အားကစားလုပ်ရင်း ထိခိုက်ဒဏ်ရာရတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ် ထားကြပါတယ်။

ဆီးထဲ သွေးပါသော အခြေအနေအား စစ်ဆေးခြင်း
ဆရာဝန်အနေနဲ့ မိသားစု ကျန်းမာရေးရာဇဝင်၊ ဖြစ်နိုင်တဲ့ အချက်တွေနဲ့ လက္ခဏာတွေကို စစ်ဆေးပြီး အောက်ပါ စစ်ဆေးမှုတွေ ပြုလုပ်ပေးမှာဖြစ်ပါတယ်။
စမ်းသပ်စစ်ဆေးခြင်း - ဆရာဝန်က ဆီးအိတ် ဒါမှမဟုတ် ကျောက်ကပ်ကြီး နေသလားဆိုတာ သင့်ဝမ်းဗိုက်နဲ့ ကျောက်ကပ်ကို စမ်းသပ်ပါလိမ့်မယ်။

ဆီးစစ်ခြင်း - ဆီးထဲ ပရိုတင်း ပါဝင်မှု ရှိ၊ မရှိနဲ့ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အ ခြေအနေရှိ၊ မရှိ ဆီးစစ်ရပါမယ်။
သွေးစစ်ခြင်း - ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာကို သိရှိဖို့ သွေးစစ်တာကို လည်း လုပ်ဆောင်သင့်ပါတယ်။
အခြားစမ်းသပ်စစ်ဆေးမှုများ - ဆရာဝန်က လိုအပ်လို့ ညွှန်ကြားတဲ့ တခြား စမ်းသပ်စစ်ဆေးမှုတွေ ဖြစ်တဲ့ အာထရာဆောင်းရိုက်တာ၊ စီတီစကင်ရိုက်တာ စတာတွေကိုလည်း လုပ်ဆောင်သင့်ပါတယ်။
သတိပြုရန်
အမျိုးသားရော အမျိုးသမီးပါ ဆီးထဲ သွေးပါနိုင်ပေမယ့် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အမျိုးသားတွေမှာ ဆီးထဲ သွေးပါတာက ဆီးကျောက်တည်တာ၊ ဆီးအိတ် ကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာ စတာတွေကြောင့် အဖြစ်များ တတ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ဆီးထဲ သွေးပါတာကို လျစ်လျူရှုမထားဘဲ ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးမှု ခံယူသင့်ပါတယ်။
ကေအမ်

0 comments:
Speak up your mind
Tell us what you're thinking... !