ဂျပန်ချေးငွေ ယန်း ၆၃ ဒသမ ၂ ဘီလီယံရယူရေး လွှတ်တော် အတည်ပြုချက်တောင်း
Wednesday, January 29, 2014
ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ ဖွံ့ဖြိုးမှုချေးငွေ (ODA Loan) ယန်း ၆၃ ဒသမ ၂ ဘီလီယံရယူရေး ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ကို ဘဏ္ဍာရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၈ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်ပြတောင်းခံ လိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
အဆိုပါ ချေးငွေများကို ရထားလမ်း အဆင့်မြှင့်တင်ရေး၊ ရေပေးဝေမှု စီမံကိန်းများ၊ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
“နိုင်ငံတော်ရဲ့လိုအပ်နေတဲ့ နေရာတွေမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက JICA နဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ” ဟု ၎င်းကဆိုသည်။
ချေးငွေများအတွက် JICA နှင့် သဘောတူညီချက်တွင် ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀ ဖြင့် စုစုပေါင်းနှစ် ၄၀ ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်းသာ ရှိသောကြောင့် နိုင်ငံတော်အတွက် သက်သာသော အတိုးနှုန်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
JICA မှတစ်ဆင့်ရယူမည့် ဂျပန် အစိုးရ ချေးငွေများကို ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် ယန်း ၂၀ ဘီလီယံ၊ ရန်ကုန်မြို့တော် ရေပေးဝေမှု ဖွံ့ဖြိုးရေး စီမံကိန်းတွင် ယန်း၂၃ ဒသမ ၇ ဘီလီယံ၊ သီလဝါ ဆိပ်ကမ်း အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးရေး စီမံကိန်းတွင် ယန်း ၄ ဒသမ ၆ ဘီလီယံ၊ ပဲခူး အနောက်ခြမ်းဒေသ ဆည်ရေပေးမှု ဖွံ့ဖြိုးရေး စီမံကိန်းတွင် ယန်း ၁၄ ဒသမ ၉ ဘီလီယံ ခွဲဝေ အသုံးပြုမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါ စီမံကိန်းများတွင် JICA နှင့် မြန်မာနိုင်ငံ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီတို့ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။
ဂျပန်အစိုးရ၏ ချေးငွေသစ်အတွက် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်သော မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးပွဲ ကာလအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တွေ့ဆုံ ခဲ့သော နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် JICA က တရားဝင် ကြေညာခဲ့ခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံ၏ အဆိုပါ ချေးငွေသစ် ရယူရေးကို အတည်ပြုရန် အတွက် ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေးလိုသည့် ကိုယ်စားလှယ်စာရင်းကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပေးပို့ရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်က ထုတ်ပြန် ကြေညာထားသည်။
The Voice Weekly
Home »
နိုင်ငံတကာသတင်း
» ဂျပန်ချေးငွေ ယန်း ၆၃ ဒသမ ၂ ဘီလီယံရယူရေး
ဂျပန်ချေးငွေ ယန်း ၆၃ ဒသမ ၂ ဘီလီယံရယူရေး
Written By Two Seven September on Wednesday, January 29, 2014 | 1:55 AM
Labels:
နိုင်ငံတကာသတင်း
0 comments:
Speak up your mind
Tell us what you're thinking... !